Lib About

၁။ စာကြည့်တိုက်ဘာသာရပ်အဖြစ်သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တက္ကသိုလ်ကို စတင်တည်ထောင်ပေးရန် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ပညာရေး အကောင် အထည်ဖော်ရန် လုပ်ငန်းစီမံချက် ရေးဆွဲရာတွင် ဆောင်ရွက်ရမည့်နည်းလမ်းများ၌ စာကြည့်တိုက်၏ အကျိုးကျေးဇူး၊ စာကြည့်ပုံစာကြည့်နည်း၊ စာကြည့်တိုက် အသုံးပြုနည်းနှင့် စာကြည့်တိုက် တည်ထောင် ထိန်းသိမ်း အကျိုးပြုတတ်ရေးအတွက် ပိဋကတ်ကျမ်းစာများကို အဓိကထားပြီး သိရှိနားလည် ဆောင်ရွက်တတ်စေရန်ဟူ၍ သင်ရိုးညွှန်းတမ်းအညွှန်းတွင် စာကြည့်တိုက်ဘာသာရပ်ကို ထည့်သွင်းရေးဆွဲ ထားခဲ့ပါသည်။

၂။ စာကြည့်တိုက်ဌာနဆရာတော်များကိုရွေးချယ်တာဝန်ပေးအပ်ခြင်း။ (၁၈/၂၃-၄-၁၉၈၆) ရက်နေ့များ၌ကျင်းပပြုလုပ်သော တက္ကသိုလ်ပညာသင်ကြားရေးအဖွဲ့နှင့် တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့များ အစည်းအဝေးက ရန်ကုန်မြို့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၌ သာသနာ့တက္ကသိုလ် တာဝန်များ ဆောင်ရွက်နိုင်ရန်အတွက် ပညာသင်ကြားရေးနှင့်စီမံခန့်ခွဲရေး ဆရာတော်(၁၈)ပါးကို ရွေးချယ်တာဝန် ပေးအပ်ခဲ့ရာ စာကြည့်တိုက်ဌာန၌ အောက်ပါအတိုင်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်-

စဉ် ဘွဲ့တော် ပညာအရည်အချင်း တာဝန်
ဘဒ္ဒန္တဂန္ဓမာလာ ဘိဝံသ သိရီပဝရဓမ္မာစရိယ၊ B.Sc စာကြည့်တိုက်မှူး
ဘဒ္ဒန္တဥတ္တရပဏ္ဍိတ ပထမကျော်၊ဓမ္မာစရိယ၊ ဝိနယပါဠိပါရဂူ၊ ပိဋကတ္တယပါရဂူ၊ B.A ပင်မစာကြည့်တိုက်ဌာနစုမှူး
ဘဒ္ဒန္တဥတ္တရသိရီ သာသနဓဇ သိရီပဝရဓမ္မာစရိယ၊ ဒီဃဘာဏက ဘာသာရပ်ဆိုင်ရာ စာကြည့်တိုက်ဌာနစုမှူး

၃။ အဆောက်အဦးများဆောက်လုပ်လှူဒါန်းခြင်း။ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်ဆောက်လုပ်လှူဒါန်းရေးအဖွဲ့သည် ကောဇာသက္ကရာဇ် ၁၃၄၆-ခုနှစ်၊ ဝါခေါင်လတွင် စတင်၍ဆောက်လုပ်ရေးလုပ်ငန်းများကိုစတင်ဆောင်ရွက်ခဲ့ရာ ဧရာရွှေဝါပိဋကတ်တိုက် နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်ရန် ဧရာဝတီတိုင်း ပြည့်သူကောင်စီအလုပ်အမှုဆောင် အဖွဲ့နှင့်မြို့နယ်/ရပ်ကွက်/ကျေးရွာဥပဌာကအဖွဲ့များက အလှူငွေ(၁၀)သိန်း လှူဒါန်းကြပါသည်။ မဟာတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကပိဋကစာကြည့်တိုက်ကို သာသနာ့တက္ကသိုလ်များ ဆောက်လုပ် လှူဒါန်းရေးအဖွဲ့သည် ရန်ကုန်မြို့၊ ဗဟိုလေဟာပြင်ဈေး ဈေးသူ/ဈေးသားများ လှူဒါန်းသောအလှူငွေ ကျပ်(၁၅)သိန်း တိ=နိ သာသနာပြုဥပဌာက သာသနပါလ သုဒတ္တ သာသနပါလသုဘဒ္ဒါ အမျိုးသား၊ အမျိုးသမီးများ၏အလှူငွေများဖြင့် ဆောက်လုပ်ပြီး "မဟာတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ပိဋကတ်စာကြည့်တိုက်" ကို(၆-၁၁-၉၄) တွင် မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီးအား ဥဒ္ဒိဿပူဇာအဖြစ် လှူဒါန်းခဲ့ပါသည်။