ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

နိုင်ငံတော် သံဃမဟာနာကအဖွဲ့

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)


သမိုင်းအကျဉ်း


နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ကို နိုင်ငံတော်သံဃမဟာနာယက၏လမ်းညွှန်ချက်နှင့် အ ညီ မင်းကွန်းတိပိဋကဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသဘုရားက ၁၃၄၈- ခုနှစ်၊ နယုန်လဆုတ် တစ်ရက် (၂၃- ၆- ၁၉၈၆) နေ့တွင် စတင်ထူထောင်ဖွင့်လှစ်ခဲ့သည်။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကို အောက်ပါရည်ရွယ်ချက်လေးရပ်ဖြင့် ထူထောင်ခဲ့သည်။

(က) ဂိုဏ်းပေါင်းစုံ သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် တစ်သောင်း‌ကျော်တို့၏ ဆန္ဒနှင့်အညီ ဗုဒ္ဓသာသနာ တော် သန့်ရှင်းတည်တံ့ပြန်ပွါးရေးအတွက် အထက်တန်းကျကျ ဆောင်ရွက်ရန်၊

(ခ) ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးကြီးက ချမှတ်ထားသော ဖော်ပြလတ္တံ့ပါ အရည်အသွေး များနှင့် ရဟန်းတော်များ ပြည့်စုံစေရန်……

၁။ အကျင့်သိက္ခာမြင့်မားစေခြင်း၊

၂။ ပိဋကတ်ကျမ်းဂန် နှံစပ်စေခြင်း၊

၃။ ပါဠိဘာသာတတ်မြောက်ကျွမ်းကျင်စေခြင်း၊

၄။ မြန်မာစာပေ အရေးအသားတော်စေခြင်း၊


(ဂ) ပြည်တွင်းပြည်ပသို့ သာသနာပြုနိုင်စွမ်းသော ရဟန်းတော်များ ပေါ်ပေါက်လာစေရန်နှင့် အထူးသဖြင့် သင်တန်းသားရဟန်းတော်များအား ဆင်းရဲချမ်းသာမရွေး ကျေးလက်တောရွာပါမကျန်နေထိုင်သီတင်းသုံး၍ သာသနာပြုနိုင်သည့် စိတ်ဓာတ်အလေ့အကျင့်မျိုးရအောင် ဆောင်ရွက်ရန်၊

(ဃ) လူအများတွေ့ကြုံခံစားနေရသော ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း၊ နှလုံးမသာယာခြင်းတို့ကို ဗုဒ္ဓမြတ်စွာဘုရား၏ တရားဒေသနာတော်ဖြင့် သက်သာပျောက်ကင်းချမ်းသာစေရန်၊

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ကို ဘဒ္ဒန္တတိလောက (ရန်ကုန်တိုင်း ကျောင်းထိုင် ဘုန်းကြီး သင်တန်းကျောင်း၊ ကျောင်းအုပ်)က ပထမဆုံး ပါမောက္ခချုပ်ဆရာတော်အဖြစ်လည်ကောင်း၊ ဘဒ္ဒန္တ ကုမာရ (ဇေယျသိဒ္ဓိကျောင်း၊ အင်းစိန်)က မော်ကွန်းထိန်းဆရာတော်အဖြစ်လည်းကောင်း၊ ဘဒ္ဒန္တ အဘယာ လင်္ကာရ (အောင်သိပ္ပံစာသင်တိုက်၊ ဟင်္သာတ)က ဝိနယမဟာဌာန ပါမောက္ခအဖြစ်လည်းကောင်း၊ ဘဒ္ဒန္တ ပဏ္ဍိတာဘိဝံသ (မဟာဂန္ဓာရုံကျောင်းတိုက်၊ အမရပူရ)က သုတ္တန္တမဟာဌာန ပါမောက္ခအဖြစ်လည်းကောင်း၊ ဘဒ္ဒန္တတိလောကာဘိဝံသ (ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်)က အဘိဓမ္မမဟာဌာန ပါမောက္ခအဖြစ် လည်းကောင်း၊ ဘဒ္ဒန္တဂန္ဓမာလာဘိဝံသ (အလယ်တောရကျောင်းတိုက်၊ ဗဟန်း)က စာကြည့်တိုက်မှူးအဖြစ် လည်းကောင်း၊ တာဝန်အသီးသီးယူလျက် စတင်ဖွင့်လှစ်ခဲ့သည်။

သာသနတက္ကသီလမဟာဓမ္မာစရိယ(M.A. Buddhism) တန်းကို ဝိနယမဟာဌာန၊ သုတ္တန္တမဟာဌာန၊ အဘိဓမ္မမဟာဌာနဟူ၍ မဟာဌာနသုံးခုဖြင့် စတင်ခဲ့သည်။ ထိုအတန်းကို ရဟန်းပညာရှင် ၂၄-ပါး၊ လူပညာရှင် နှစ်ဦး၊ စုစုပေါင်း သင်ကြားစီမံဆရာ ၂၆-ဦးတို့က ဦးဆောင်ဖွင့်လှစ်ခဲ့ပြီး ရဟန်းတော်ကျောင်းသား ၃၁-ပါး တို့က တက်ရောက်ပညာသင်ကြားခဲ့ကြသည်။

ယခုအခါ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)သည် သာသနတက္ကသီလ ဓမ္မပါရဂူ (Ph.D.) တန်း၊ သာသနာတက္ကသီလမဟာဓမ္မာစရိယ (M.A. Buddhism) တန်း၊ သာသနတက္ကသီလ ဓမ္မာစရိယ (B.A. Buddhism)တန်းတို့ကို ဝိနယမဟာဌာန၊ သုတ္တန္တမဟာဌာန၊ အဘိဓမ္မမဟာဌာနဟူ၍ မဟာဌာနသုံးခု၊ ပိကဋတ်ဆိုင်ရာ ပါဠိစာပေဌာန၊ ပိဋကတ်ဆိုင်ရာ မြန်မာစာပေဌာန၊ ပိဋကတ်ဆိုင်ရာအင်္ဂလိပ်စာပေဌာန၊ ဗုဒ္ဓဒေသနာပြန့်ပွါးရေးပညာဌာနအားဖြင့် အထောက်အကူလေးဌာနတို့ဖြင့်၊ သင်ကြားစီမံဆရာ ၈၄-ဦး (ရဟန်းပညာရှင် ၇၂၊ လူပုဂ္ဂိုလ်၁၂)တို့နှင့် ကျောင်းသားရဟန်းတော် ၃၆၈-ပါးတို့ဖြင့် အရှိန်အဟုန်မပျက် ဆက်လက်လည်ပတ်လျက် ရှိသည်။