သင်ကြားရေးရာဌာန

ဖွင့်လှစ်သင်ကြားသောသင်တန်းများ -

(၁) သာသနတက္ကသီလဓမ္မာစရိယ(B.ABuddhism)သင်တန်း။ ၎င်းဘွဲ့ သင်တန်း အတွက် စာသင်နှစ်(၄)နှစ်သင်ယူပြီး တောင်တန်းသာသနာပြု (၂)နှစ်ထမ်းဆောင် ရမည် ဖြစ်သည်။ ၎င်းအပြင် သာသနာ့တက္ကသီလဓမ္မာစရိယတန်း (စတုတ္ထနှစ်) သင်တန်းသားများသည် ပထမနှစ်ဝက်စာမေးပွဲဖြေဆိုပြီး ကျောင်းပိတ်ရက်အတွင်း ကျန်းမာရေးအထောက်အကူပြု အခြေခံသင်တန်းအဖြစ် အရှေ့တိုင်းနှင့် အနောက်တိုင်း ဆေးပညာများကို (၁)လခန့် တက်ရောက်သင်ယူရပါသည်။ ဒုတိယ နှစ်ဝက်တွင် သင်ကြားရေးဌာန(၇)ဌာနက ကျရာမဲစနစ်ဖြင့် ချမှတ်ပေးသော စာတမ်းခေါင်းစဉ်များကို အနည်းဆုံး စာမျက်နှာ(၅၀)ရှိစာတမ်းကို ရေးသား၍ အတန်းတင်စာမေးပွဲမဖြေမီ မော်ကွန်းထိန်းဌာနသို့ မဖြစ်မနေ တင်သွင်းရပါသည်။ ထို့နောက် တက္ကသိုလ်၏ အစီအစဉ်ဖြင့် မဟာစည်သာသနာ့ရိပ်သာသို့ ကြွရောက်၍ (၁၀)ရက်တိတိ ပဋိပတ်အလုပ် တရားအားထုတ်ရပါမည်၊ ထို့နောက် စာမေးပွဲ အောင်မြင်ပြီးသောအခါ နယ်စပ်နှင့်တောင်တန်းဒေသသို့ သာသနာပြုတာဝန်(၂)နှစ် မဖြစ်မနေသွားရောက်ထမ်းဆောင်ရပါသည်။ တာဝန်ကျေပွန်မှသာလျှင် (B.A Buddhism)ဘွဲ့ ခံယူခွင့်ရှိပါသည်၊ တာဝန်မကျေပွန်လျှင်(B.A Buddhism)ဘွဲ့ ခံယူခွင့် မရှိပါ။

(၂) သာသနတက္ကသီလမဟာဓမ္မာစရိယ(M.A Buddhism)သင်တန်း။ ၎င်းသင်တန်း အတွက် B.A တန်း (၄)နှစ်၊ M.A တန်း(၂)နှစ်၊ စုစုပေါင်း စာသင်နှစ် (၆)နှစ် ကျမ်းပြုကာလ(၃)နှစ်၊ တောင်တန်းသာသနာပြု(၂)နှစ် ပေါင်း(၁၁)နှစ် သတ်မှတ် ထားရှိပါသည်။ ၎င်းအပြင် သာသနတက္ကသီလမဟာဓမ္မာစရိယတန်း(ဒုတိယနှစ်) သင်တန်းသားများသည် ဒုတိယနှစ်ဝက်စာမေးပွဲအောင်မြင်ပြီးနောက် တက္ကသိုလ် အစီအစဉ်ဖြင့် မဟာစည်သာသနာ့ရိပ်သာသို့ ကြွရောက်၍ (၆၀)ရက်တိတိ ပဋိပတ် အလုပ် တရားအားထုတ်ရပါသည်။ တရားအားထုတ်ပြီးနောက် ဘွဲ့ယူကျမ်းစာ ရေးသားတင်သွင်းနိုင်ရန် ကျမ်းခေါင်းစဉ်(၃)ခုကို နိဒါန်း၊ ရည်ရွယ်ချက်၊ အကျိုး ကျေးဇူး၊ မာတိကာအခန်းကဏ္ဍများနှင့်တကွ သတ်မှတ်ရက်အတွင်း မော်ကွန်းထိန်း ဌာနသို့ တင်ပြရပြီးနောက် ကျမ်းခေါင်းစဉ်အတည်ပြုရေးအဖွဲ့က သင့်လျော်သော ခေါင်းစဉ်ကို အတည်ပြုရွေးချယ်ပြီး စာမျက်နှာ(၁၅၀)မှ (၃၀၀) အတွင်းရှိသော ကျမ်းစာ(၁)စောင်ကို ကျမ်းကြီးကြပ်ရေးဆရာတော်၏ လမ်းညွှန်မှုကိုခံယူပြီး(၃)နှစ် အတွင်း ပြီးစီးအောင်ရေးသား၍ ကျမ်းစာမူ(၅)မူကို မော်ကွန်းထိန်းဌာနသို့ တင်သွင်းရပါသည်။ တင်သွင်းပြီးနောက် တက္ကသိုလ်၌ သင်ကြား/စီမံတာဝန် ထမ်းဆောင်ခွင့်ရပါက အနည်းဆုံး(၃)နှစ် ထမ်းဆောင်ရပါသည်။ ထမ်းဆောင်ခွင့် မရပါက နယ်စပ်နှင့်တောင်တန်းဒေသသို့ သာသနာပြုတာဝန်(၂)နှစ် မဖြစ်မနေ သွားရောက်ထမ်းဆောင်ရပါသည်၊ ထို့နောက် တင်သွင်းထားသော ကျမ်းစာများကို ပါမောက္ခချုပ်ဆရာတော် အမှူးပြုသော ပြင်ပစာစစ်၊ အတွင်းစာစစ် အဖွဲ့များက စိစစ်၍ သတ်မှတ်ထားသော အဆင့်မီပြီး ထမ်းဆောင်လျက်ရှိသော တာဝန်ကျေပွန်မှ သာလျှင် (M.ABuddhism)ဘွဲ့ခံယူခွင့် ရှိပါသည်။ ကျမ်းစာ အဆင့်မမီလျှင်ဖြစ်စေ၊ တာဝန်မကျေပွန်လျှင်ဖြစ်စေ (M.ABuddhism) ဘွဲ့ ခံယူခွင့်မရှိပါ။

(၃) သာသနတက္ကသီလဓမ္မပါရဂူ (Ph.D.)သင်တန်း။ ၎င်းဘွဲ့အတွက် သာသနာ့ တက္ကသိုလ်များမှ M.Aဘွဲ့ ရရှိပြီး သင်ကြား/စီမံတာဝန် အနည်းဆုံး(၅)နှစ် ထမ်းဆောင်ပြီးသော အရှင်မြတ်များအား သာသနတက္ကသီလဓမ္မပါရဂူသင်တန်း ဦးစီးကော်မတီသို့ သင်တန်းသား မှတ်ပုံတင်လျှောက်ထားပြီး ပါရဂူသင်တန်း (၃)နှစ် သင်တန်းတက်ရောက်ရပါမည်၊ ထို့နောက် စာမျက်နှာ(၅၀)ထက် မနည်း သော ဘွဲ့ကြိုကျမ်း ရေးသားတင်သွင်းရပါသည်။ ၎င်းဘွဲ့ကြိုကျမ်းကို သင်တန်း ဦးစီးကော်မတီက လေ့လာစိစစ်ဆွေးနွေးမေးမြန်းပြီးမှ ယင်းခေါင်းစဉ်အတိုင်း ဖြစ်စေ၊ ယင်းခေါင်းစဉ်နှင့်ဆက်စပ်သော ခေါင်းစဉ်ဖြင့်ဖြစ်စေ သင့်တော်သော ကျမ်းခေါင်းစဉ်ကို အတည်ပြုပေးပါသည်။ ကျမ်းခေါင်းစဉ်ကို အတည်ပြုပေးသော အခါ ပါရဂူကျမ်းကို (၃)နှစ်မှ (၅)နှစ်အတွင်း အပြီးရေးသားတင်သွင်းရပါသည်။