ဒေါက်တာဘဒ္ဒန္တထေရိန္ဒ

ဒေါက်တာဘဒ္ဒန္တထေရိန္ဒ

ပါမောက္ခ/ဌာနမှူး

အဘိဓမ္မာပိဋကမဟာဌာန

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)


        ဒေါက်တာဘဒ္ဒန္တထေရိန္ဒကို ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ဝင်းကဒက်ကျေးရွာ၌ ခမည်းတော် ဦးရွှေ၊ မယ်တော်ဒေါ်မြသိန်းတို့မှ ၁၃၁၄-ခုနှစ် ဦးတန်ခူးလဆုတ် ၃-ရက် စနေနေ့တွင် ဖွားမြင်တော်မူသည်။

        ဆရာတော်လောင်းလျာသည် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ဝင်းကဒတ်ကျေးရွာ၊ ကံသာကျောင်း ဆရာတော် ဘဒ္ဒန္တဝိစက္ခဏမဟာထေရ်ကို ဥပဇ္စျာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ ရောက်ခဲ့သည်။ ၁၃၃၄-ခုနှစ်၊ ကဆုန်လဆန်း ၁၁-ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၇:၂၅ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းနေ ဦးဆောင်+ဒေါ်မြစိန် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ၊ ခဏ္ဍသိမ်တော်တွင် မဟာစည်ဆရာတော် ဘဒ္ဒန္တသောဘနမထေရ်ကို ဥပဇ္စျာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ခဲ့သည်။

        ဆရာတော်သည် ဝေါမြို့နယ်၊ ဝင်းကဒတ်ရွာ၊ ကံသာကျောင်းဆရာတော် ဘဒ္ဒန္တဝိစက္ခဏ၊ ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာဇောတ (အဂ္ဂမဟာပဏ္ဍိတ), ဘဒ္ဒန္တသံဝရ(အဂ္ဂမဟာပဏ္ဍိ)နှင့် စာချဆရာတော်များ၊ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ စည်ရှင်ကျောင်းဆရာတော် ဘဒ္ဒန္တပရမနှင့် ဘဒ္ဒန္တနန္ဒောဘာသ၊ မစိုးရိမ်တိုက်, စာချဆရာတော် ဘဒ္ဒန္တကောဝိဒါဘိဝံသ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်ဆရာတော်နှင့် ပါမောက္ခ၊ ဌာနမှူး၊ ကထိက၊ နည်းပြဆရာတော်များ၊ ပြင်ပပညာရှင်ဆရာကြီးများထံတွင် စာပေများသင်ယူခဲ့ပါသည်။

        ဆရာတော်သည် ဝိနယာဓိကပထမကျော်ဘွဲ့၊ သာသနဓဇဓမ္မာစရိယဘွဲ့၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယဘွဲ့၊ ဝိနယပါဠိပါရဂူဘွဲ့၊ ဝိနယဝိဒူဘွဲ့၊ ပိဋကတ္တယပါရဂူဘွဲ့၊ မဇ္စျိမနိကာယဝိဒူဘွဲ့၊ မဟာဓမ္မာစရိယ(M.A Buddhism)ဘွဲ့၊ သာသနတက္ကသီလဓမ္မပါရဂူ Ph.D ဘွဲ့ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတဘွဲ့ အဂ္ဂမဟာပဏ္ဍိတဘွဲ့တို့ကို ရရှိတော်မူပါသည်။

        ရေးသားပြုစုသော ကျမ်းစာများမှာ “ဝိနည်းသာသနာနှင့် ရှင်ဥပါလိမထေရ်၊ ပါဠိစာပေလာ ကျိန်စာများကို လေ့လာခြင်း၊ ပါဠိဝါကျတည်ဆောက်နည်း(ပ,ဒု)၊ ဝါကျခွဲ အခြေခံ သဘောတရားများ၊ ဝိနယပုစ္ဆာ ဝိသဇ္ဇနာကျမ်းလေ့လာချက်၊ သဒ္ဒနီတိသုတ္တမာလာနိဿယကို လေ့လာခြင်း၊ ဥပသမ္ပဒကံဆောင်ရာ၌ သိမှတ်ဖွယ်ရာများ”တို့ ဖြစ်ပါသည်။

        ဆရာတော်သည် ပိဋကတ်သုံးပုံ မြန်မာပြန်(CD.Rom)အဖွဲ့ဝင်၊ တိပိဋကပါဠိမြန်မာ အဘိဓာန်များ အင်္ဂလိပ်ဘာသာပြန်အဖွဲ့ ၄-၏ ဥက္ကဋ္ဌ၊ တက္ကသိုလ်များ ဘာသာပြန်နှင့်စာအုပ် ထုတ်ဝေရေးအဖွဲ့ ဒု-ဥက္ကဋ္ဌနှင့် ပါဠိစာတည်းမှူး၊ တန်းဖြစ်မြောက်ရေးကော်မတီဝင်၊ အဘိဓမ္မာ သင်တန်းပို့ချခြင်းတာဝန်များကို ထမ်းဆောင်လျက်ရှိပါသည်။

        ဆရာတော်သည် ၂၈-၇-၁၉၈၉ မှစ၍ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ ဝိနယပိဋကမဟာဌာန၌ နည်းပြတာဝန်ထမ်းဆောင်ခဲ့ပြီး ၇-၁၁-၁၉၉၂ ခုနှစ်တွင် ပိဋကတ်ဆိုင်ရာ ပါဠိစာပေဌာန၌ နည်းပြတာဝန်၊ ၉-၂-၁၉၉၅ ခုနှစ်တွင် ကထိကတာဝန်၊ ၁၉-၁၁-၁၉၉၈ ခုနှစ်မှစ၍ ယနေ့တိုင် ဌာနမှူးတာဝန်နှင့် သန်လျင်မြို့၊ အောင်သုခပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကတာဝန်တို့ကို ထမ်းဆောင်လျက်ရှိပါသည်။