ဘဒ္ဒန္တတေဇနိယ

ဘဒ္ဒန္တတေဇနိယ

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)
ပိဋကတ်ဆိုင်ရာအင်္ဂလိပ်စာပေဌာန 
ပါမောက္ခ/ဌာနမှူးဆရာတော် 


        ဆရာတော်ဘဒ္ဒန္တတေဇနိယသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာ ခမည်းတော် ဦးညိမ်း+မယ်တော် ဒေါ်ညွန့်တင်တို့မှ ၁၃၂၁-ခုနှစ်၊ နတ်တော်လပြည့်ကျော်(၁၂)ရက်၊ စနေနေ့တွင် ဖွားမြင်တော်မူသော တစ်ဦးတည်းသော သားရတနာဖြစ်သည်။ ငယ်မည်မှာ မောင်တင်ရွှေ ဖြစ်သည်။

        ဆရာတော်လောင်းလျာသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နန်းခဲရပ်ကွက်၊ သဒ္ဓမ္မဇောတိကာ ရာမကျောင်း ဆရာတော် ဘဒ္ဒန္တဝိဇယမဟာထေရ်မြတ်ကို ဥပဇ္စျာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာ နုဂ္ဂဟဖြင့် ရှင်သာမဏေအဖြစ်သို့ ရောက်ခဲ့သည်။ ဘွဲ့တော်မှာ ရှင်တေဇနိယ ဖြစ်သည်။

        ရှင်တေဇနိယသည် ၁၃၄၀-ခုနှစ်၊ တပေါင်းလဆုတ်(၁၁)ရက်နေ့၊ ညနေ(၄:၄၅)နာရီ အချိန်တွင် သထုံမြို့နယ်၊ နောင်ဘိုကျေးရွာ ဦးညိမ်း+ဒေါ်ညွန့်တင်မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူ၍ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက် ခဏ္ဍသိမ်၌ ဆရာတော် ဘဒ္ဒန္တဝိဇယမဟာထေရ်ကို ဥပဇ္စျာယ်ပြု၍ မြင့်မြတ်သော ရဟန်းမအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။

       အရှင်တေဇနိယသည် သထုံမြို့၊ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက်၊ ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင် ကျောင်းတိုက်တို့၌ ပညာဆည်းပူးခဲ့ပြီး အစိုးရ ပထမငယ်၊ ပထမလတ်၊ ပထမကြီး၊ ဓမ္မာစရိယ စသော စာမေးပွဲများကို အောင်မြင်ခဲ့သည်။ ရရှိသော ဘွဲ့များမှာ သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ သထုံမြို့ သုဝဏ္ဏဘူမိစာမေးပွဲမှ ပိဋကတ္တယပါရဂူ၊ တက္ကသိုလ်စာပေးစာယူသင်တန်း(ရန်ကုန်)မှ ဘီအေတို့ ဖြစ်သည်။ ထို့ပြင် ၂၀၀၇-ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့မှ ၂၀၁၁-ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့အထိ အင်္ဂလန်နိုင်ငံသို့ ပညာတော်သင် သွားရောက်ခဲ့ပြီး M.A(TESOL) ဘွဲ့ကိုလည်း ရရှိတော်မူခဲ့သည်။ နိုင်ငံတော်အစိုးရကလည်း မဟာဂန္ထဝါစကပဏ္ဍိတ, အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းတော်မူခဲ့ပါသည်။

        ဆရာတော်သည် သထုံမြို့၊ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုင်၌ မူ၊ ငယ်၊ လတ်၊ ကြီး စာဝါများကို ပို့ချတော်မူခဲ့ပြီး ရန်ကုန်မြို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဌာန၌ ၁၂-၁၂-၉၂ နေ့မှ စတင်၍ နယဒေသကတာဝန်၊ ၁၄-၁၀-၂၀၀၀ နေ့မှစတင်၍ ဂဏဝါစက(ကထိက)တာဝန်၊ ၁၈-၉-၂၀၀၁ နေ့မှစ၍ ပါမောက္ခ/ဌာနမှူးတာဝန်တို့ကို ထမ်းဆောင် တော်မူခဲ့သည်။

        ယခုအခါ ဆရာတော်သည် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပိဋကတ်ဆိုင်ရာ အင်္ဂလိပ် စာပေဌာန/ဌာနမှူးတာဝန်ကို ထမ်းဆောင်နေဆဲဖြစ်ပါသည်။

        ဆရာတော်ရေးသားပြုစုတော်မူသော ကျမ်းစာမှာ- Vocabulary Level and Vocabulary Learning Strategies Among First-Year Students at a Univbersity in South Myanmar ဖြစ်ပါသည်။