ဘဒ္ဒန္တပဏ္ဍိတာဘိဝံသ

ဘဒ္ဒန္တပဏ္ဍိတာဘိဝံသ

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)
သုတ္တန္တပိဋကမဟာဌာန
ပါမောက္ခ/ဌာနမှူးဆရာတော်


        ဘဒ္ဒန္တပဏ္ဍိတာဘိဝံသကို မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရွာငယ်ရွာ၊ ခမည်းတော် ဦးဘဇံ+မယ်တော်ဒေါ်ရွှေစုတို့မှ ၁၃၁၃-ခုနှစ် နတ်တော်လဆန်း(၃)ရက် ကြာသပတေးနေ့တွင် ဖွားမြင်တော်မူသည်။

        ဘဒ္ဒန္တပဏ္ဍိတာဘိဝံသသည် ရွာငယ်ကျေးရွာ၊ အောင်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကုသလမဟာထေရ်မြတ်ကို ဥပဇ္စျာယ်ပြု၍ ဦးဘဇံ+ဒေါ်ရွှေစုတို့၏ ပစ္စယာနုဂ္ဂဖြင့် ရှင်သာမဏေ ဖြစ်ခဲ့သည် ဘွဲ့အမည်မှာ ရှင်ပဏ္ဍိတဖြစ်သည်။ ၁၃၃၃-ခုနှစ်၊ နယုန်လဆုတ်(၁၁)ရက်၊ စနေနေ့၊ နေ့လယ်(၁း၀၅)နာရီတွင် ရေစကြိုမြို့နယ်၊ ရွာငယ်ရွာနေ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရေစကြိုမြို့နယ်၊ တန်ခိုးကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေလာသကို ဥပဇ္စျာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။

        ဘဒ္ဒန္တပဏ္ဍိတာဘိဝံသသည် အောင်သာကျောင်းဆရာတော် ဘဒ္ဒန္တကုသလ။ ကျောက်ဆည်မြို့၊ ပေါက်ကုန်းကျောင်းဆရာတော် ဘဒ္ဒန္တဝါသဝ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့၊ ချမ်းသာကြီး ကျောင်းတိုက် မဟာနာယကဆရာတော် ဘဒ္ဒန္တနန္ဒိယသာရ(အဂ္ဂမဟာပဏ္ဍိတ)နှင့် စာချဆရာ တော်များ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဓမ္မဒီပဆရာတော် ဘဒ္ဒန္တနာယကာဘိဝံသ။ ဓမ္မဝိနယရံသီဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ။ ဓမ္မဒါယာဒဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ။ မစိုးရိမ်တိုက် ပိဋကကျောင်းဆရာတော် ဘဒ္ဒန္တကောဝိဒါဘိဝံသနှင့် ရန်ကုန်မြို့၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်၌ ပညာဆည်းပူးခဲ့ပါသည်။

        ဘဒ္ဒန္တပဏ္ဍိတာဘိဝံသသည် သာသနာဓဇဓမ္မာစရိယ၊ စေတိယင်္ဂပရိယတ္တိဓမ္မာစရိယ၊ သာသနတက္ကသီလ မဟာဓမ္မာစရိယဘွဲ့တို့ကို ရရှိတော်မူခဲ့သည်။ နိုင်ငံတော်အစိုးရကလည်း မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘွဲ့ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

        ဘဒ္ဒန္တပဏ္ဍိတာဘိဝံသသည် “မင်္ဂလာသုတ်ပျို့ဋီကာ(ပထမတွဲ)၊ မင်္ဂလာသုတ်ပျိုဋီကာ (ဒုတိယတွဲ)၊ မင်္ဂလသုတ် နိဿယနှင့် ဖွင့်ဆိုချက်များကို ဝေဖန်သုံးသပ်ခြင်း” စာအုပ်များ ရေးသား ပြုစုခဲ့သည်။

        ဘဒ္ဒန္တပဏ္ဍိတာဘိဝံသသည် မစိုးရိမ်တိုက်သစ်၊ ဓမ္မဒီပကျောင်းတွင် စာပေပို့ချခြင်းနှင့် အုပ်ချုပ်ရေးတာဝန်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)တွင် မော်ကွန်းထိန်းဌာန၌ ဌာနစုမှူးတာဝန်၊ မြန်မာစာဌာန၌ နည်းပြ, ကထိကတာဝန်များကို ဆောင်ရွက်ခဲ့ပြီး ယခုအခါ သုတ္တန္တပိဋကမဟာဌာန၌ (ပါမောက္ခ၊ ဌာနမှူး)တာဝန်ကို ထမ်းဆောင်လျက်ရှိပါသည်။