ဒေါက်တာဘဒ္ဒန္တဣန္ဒောဘာသ

ဒေါက်တာဘဒ္ဒန္တဣန္ဒောဘာသ

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)
ပိဋကတ်ဆိုင်ရာမြန်မာစာပေဌာန
ပါမောက္ခ/ဌာနမှူးဆရာတော်


        ဒေါက်တာဘဒ္ဒန္တဣန္ဒောဘာသကို ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ဆပ်သွားကုန်းကျေးရွာ၊ ခမည်းတော် ဦးအောင်သာ+မယ်တော်ဒေါ်ထွေးတို့မှ ၁၃၁၅-ခုနှစ် တော်သလင်းလပြည့်ကျော်(၄) ရက် တနင်္ဂနွေနေ့ နံနက်(၁)နာရီအချိန်တွင် ဖွားမြင်တော်မူသည်။ မွေးချင်း(၈)ယောက်တို့တွင် တတိယမြောက် သားရတနာဖြစ်၍ ငယ်မည်မှာ မောင်အောင်မြင့် ဖြစ်ပါသည်။

        ဆရာတော်လောင်းလျာသည် ဝေါမြို့နယ်၊ ဆပ်သွားကုန်းကျေးရွာ ဦးရှိန်+ဒေါ်အိ မိသားစုတို့၏ ပစ္စယာနုဂ္ဂဖြင့် ယင်းကျောင်းဆရာတော်ကို ဥပဇ္စျာယ်ပြု၍ ရှင်သာမဏေအဖြစ် ရောက်ခဲ့သည်။ ဥပဇ္စျာယ် ဆရာတော်က ရှင်ဣန္ဒောဘာသ ဟု ဘွဲ့အမည်ပေးခဲ့သည်။ ၁၃၃၄-ခုနှစ်၊ တန်ခူးလဆန်း(၁၀)ရက်၊ ကြာသပတေးနေ့၊ နံနက်(၇)နာရီ(၃၀)မိနစ်အချိန်တွင် ညောင်းလေပင်မြို့၊ ဗိုလ်ချုပ်လမ်းနေ ဒေါ်ခင်ညွန့်, ဦးကေသရကို ဥပဇ္စျာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ခဲ့သည်။

        ဆရာတော်သည် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်၊ ဘဒ္ဒန္တတိလောကာဘိဝံသ၊ မန္တလေးမြို့ အနောက်ခင်မကန်တိုက်၊ မိုးတားကျောင်း ဘဒ္ဒန္တသူရိယာဘိဝံသနှင့် ရန်ကုန်မြို့ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် ဆရာတော်များထံ ပညာသင်ကြားခဲ့ပါသည်။

        ဆရာတော်သည် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် “သဒ္ဓမ္မဝံသပါလဓမ္မာစရိယ”ဘွဲ့၊ အစိုးရ “သာသနဓဇဓမ္မာစရိယ”ဘွဲ့၊ “ဝိနယပါရဂူ”ဘွဲ့(ဘုရားဖြူ)၊ “သာသနတက္ကသီလဓမ္မာစရိယ” ဘွဲ့နှင့် နိုင်ငံတော်မှဆက်ကပ်သော “မဟာဂန္ထဝါစကပဏ္ဍိတ” “အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့” ဘွဲ့တံဆိပ်တော်တို့ကို ရရှိခဲ့၏။

        ဆရာတော်သည် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)တွင် ၂၈-၇-၁၉၈၉ ရက်နေ့မှစ၍ အဘိဓမ္မပိဋကမဟာဌာန၌ နယဒေသကတာဝန်၊ ၂၃-၁၁-၁၉၈၉ ရက်နေ့မှစ၍ ပဲခူးဆောင်အဆောင်မှူးတာဝန်၊ ၁၃-၆-၁၉၉၆ ရက်မှစ၍ ကထိကတာဝန်၊ ၁၈-၉-၂၀၀၈ ရက်နေ့ မှစ၍ ပိဋကတ်ဆိုင်ရာမြန်မာစာပေဌာန၌ ပါမောက္ခ၊ ဌာနမှူးတာဝန်တို့ကို အဆင့်ဆင့် တာဝန်ယူလျက် စာသင်သားသံဃာတော်များစွာတို့အား ပရိယတ္တိစာပေများကို သင်ကြား ပို့ချပေး တော်မူကာ ကျမ်းစာများ စစ်ဆေးကြီးကြပ်ခြင်း၊ အနယ်နယ်အရပ်ရပ်သို့ လှည့်လည်၍ တရားပြ, တရားဟောခြင်း၊ စာများရေးသားခြင်း စသည်ဖြင့် သာသနာတော်သန့်ရှင်း, တည်တံ့, ပြန့်ပွားရေးလုပ်ငန်းတို့ကို ကြိုးပမ်းဆောင်ရွက်တော်မူသည်။

        ယခုအခါ ဆရာတော်သည် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)တွင် သီတင်း သုံးလျက် ပိဋကတ်ဆိုင်ရာမြန်မာစာပေဌာန၌ ဌာနမှူးတာဝန်များကို ထမ်းဆောင်လျက်ရှိသည်။