ဒေါက်တာဘဒ္ဒန္တသုမန

ဒေါက်တာဘဒ္ဒန္တသုမန

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)
ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာဌာန
ပါမောက္ခ/ဌာနမှူးဆရာတော်


        ဒေါက်တာဘဒ္ဒန္တသုမနကို ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာနေ ခမည်းတော် ဦးမာန်အောင်ချေ+မယ်တော်ဒေါ်လွမ်းသာမေတို့မှ ၁၃၁၇-ခုနှစ်၊ ပြာသိုလဆန်း ၁၄-ရက်(၁၇-၁-၁၉၅၆)သောကြာနေ့တွင် ဖွားမြင်တော်မူသည်။ မွေးချင်း ၆-ယောက်အနက် ဒုတိယမြောက် သားရတနာဖြစ်သည်။

        ဆရာတော်သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာ မျောက်တောင် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမလယ မဟာထေရ်မြတ်ကို ဥပဇ္စျာယ်ပြု၍ မြောက်တောင်ကျေးရွာနေ ခမည်းတော် ဦးမာန်အောင်ချေ+မယ်တော်ဒေါ်လွမ်းသာမေတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူပြီး ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။ ဘွဲ့တော်မှာ ရှင်သုမနဖြစ်သည်။ ဆရာတော်သည် ၁၃၃၇-ခုနှစ် ကဆုန်လဆန်း(၁၄)ရက်၊ နံနက်(၇)နာရီ(၄၀)မိနစ်အချိန်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာ မျောက်တောင်ကျောင်း ခဏ္ဍသိမ်တော်၌ ကျောက်တော်မြို့နယ်၊ ရှမ်းရွာ ရပ်ကွက်၊ ရှမ်းရွာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥတ္တမမဟာထေရ်မြတ်ကို ဥပဇ္စျာယ်ပြု၍ ခမည်းတော် ဦးမာန်အောင်ချေ၊ မယ်တော်ဒေါ်လွမ်းသာမေတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူပြီး မြင့်မြတ်သောရဟန်း အဖြစ်သို့ ရောက်ရှိခဲ့သည်။

        ရှင်ရဟန်းဖြစ်ပြီးနောက် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျောင်း၊ စစ်တွေမြို့၊ ဆုတောင်းပြည့်ကျောင်းတိုက်၊ ရန်ကုန်မြို့၊ ကျောက်ကုန်းတောရ မေဒိနီကျောင်းတိုက်၌ ငယ်၊ လတ်၊ ကြီး စာချတန်းစာဝါများကို သင်ယူခဲ့ပြီး အမှတ်စဉ်(၂) ရန်ကုန်တိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းသို့လည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)သို့ လည်းကောင်း တက်ရောက် ပညာဆည်းပူးခဲ့ပါသည်။ ဆရာတော်သည် သာသနဓဇဓမ္မာ စရိယဘွဲ့၊ သာသနတက္ကသီလမဟာဓမ္မာစရိယ M.A(Buddhism)ဘွဲ့တို့ကို ရရှိတော်မူခဲ့ပါသည်။ နိုင်ငံတော်မှ ဆက်ကပ်လှူဒါန်းသော မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တို့ကို ရရှိခဲ့သည်။

        ဆရာတော်သည် လောကလူသားတို့ ကြောက်မက်ဖွယ်ကောင်းသော အာဃာတ(မဟာဓမ္မာ စရိယဘွဲ့ယူကျမ်း)၊ ဆုတောင်းတိုင်းပြည့်စေချင်သည်၊ မူလမင်းကွန်းအလုပ်ပေးတရားတော်၊ ထင်ရှား ကျော်ကြား မူလမင်းကွန်းဆရာတော်များဟူသော ကျမ်းများကို ရေးသားပြုစုခဲ့သည်။

        ဆရာတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ မင်္ဂလာဇေယျုံကျောင်းတိုက်၌ စာချ တာဝန်၊ ဒဂုံမြို့နယ်၊ မူလမင်းကွန်းကျောင်းတိုက်၌ တရားဟော၊ တရားပြတာဝန်၊ သာကေတမြို့နယ် မူလမင်းကွန်းဓမ္မရိပ်သာကျောင်းတိုက်၌ တရားဟော၊ တရားပြတာဝန်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)ပိဋကတ်စာကြည့်တိုက်ဌာန၌ ဌာနစုမှူးတာဝန်တို့ကို ဆောင်ရွက်ခဲ့သည်။

        ယခု အခါ ဆရာတော်သည် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)တွင် ၄-၂-၁၉၉၃ ခုနှစ်မှ စတင်၍ ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာဌာန၌ ဌာနမှူး(ပါမောက္ခ)တာဝန်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း သင်တန်းနည်းပြတာဝန်၊ တောင်တန်း သာသနာပြု သင်တန်း သင်တန်းနည်းပြတာဝန်တို့ကို ထမ်းဆောင်တော်မူလျက် ဗုဒ္ဓမြတ်စွာသာသနာ တော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် သာသနာပြုကုသိုလ်ထူးကို ဆည်းပူးပြုလုပ်အားထုတ် လျက် ရှိပါသည်။