ဒေါက်တာဘဒ္ဒန္တကုမာရ

ဒေါက်တာဘဒ္ဒန္တကုမာရ

         နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)
ပါမောက္ခချုပ်ဆရာတော်
                     ဒေါက်တာဘဒ္ဒန္တကုမာရ


        ဒေါက်တာဘဒ္ဒန္တကုမာရသည် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ တောင်စွန်းကျေးရွာ၊ အဖ ဦးကျော်စိန်+ အမိ ဒေါ်ခင်လှတို့မှ မီးရှူးသန့်စင်ဖွားမြင်သော သားရတနာဖြစ်သည်။ မွေးချင်း(၇)ယောက်အနက် ပထမဆုံး သားရတနာဖြစ်ပြီး ငယ်မည်မှာ မောင်ခင်စိုးဖြစ်သည်။

        သက်တော်(၈)နှစ်အရွယ်တွင် ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်၊ တောစွန်းရပ်၊ တောစွန်းမြောက်ကျောင်းဆရာတော် ဘဒ္ဒန္တအရိယဝံသမဟာထေရ်မြတ်ကို ဥပဇ္စျာယ်ပြု၍ မိဘနှစ်ပါး တို့၏ ပစ္စယာနုဂ္ဂကို ခံယူ၍ ရှင်သာမဏေအဖြစ်ရောက်ရှိတော်မူသည်။ ဘွဲ့တော်မှာ အရှင်ကုမာရဖြစ်သည်။ သက်တော်(၂၀)အရွယ် ၁၃၂၇-ခုနှစ် တန်ခူးလဆုတ်(၃)ရက်၊ တနင်္လာနေ့နံနက်(၈:၂၅)နာရီ (၉)ဖဝါး (၁)ဖီလာအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောစွန်းကျေးရွာ မြောက်ကျောင်းဆရာတော် ဘဒ္ဒန္တအရိယဝံသ မဟာထေရ်မြတ်ကို ဥပဇ္စျာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူ၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူပါသည်။
        
        ဆရာတော်သည် ဆရာကြီးဦးရွှေမောင်နှင့် ဘဒ္ဒန္တသာသနမဟာထေရ်မြတ်တို့ထံတွင် ပရိယတ်အခြေခံ ကျမ်းစာများကို ဆည်းပူးခဲ့ပါသည်။ ဘဒ္ဒန္တကုသလသာမီဘိဝံသ(အဂ္ဂမဟာ ပဏ္ဍိတ) မဟာဗောဓီကျောင်းတိုက်၊ သုံးခွမြို့၊ ဘဒ္ဒန္တသြဘာသ၊ ညောင်တုန်းကျောင်းတိုက်၊ ဗဟန်းမြို့နယ်၊ ဘဒ္ဒန္တနန္ဒိယ(တိုက်အုပ်)၊ ဘဒ္ဒန္တပဏ္ဍိတ(အဂ္ဂမဟာပဏ္ဍိတ)၊ ဘဒ္ဒန္တပညိန္ဒ(အဂ္ဂ မဟာပဏ္ဍိတ)၊ ဘဒ္ဒန္တနေမိန္ဒ(တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ)၊ ဘဒ္ဒန္တကေလာသ(ဓမ္မာစရိယ၊ ဂဏဝါစက၊ ဘီအေ(ဂုဏ်ထူး) အဂ္ဂမဟာပဏ္ဍိတ)၊ မဟာဝိသုတာ ရာမတိုက်၊ ပခုက္ကူမြို့တွင် ပရိယတ် အထက်တန်းစာပေများကို ဆည်းပူးတော်မူခဲ့ပါသည်။

        ဆရာတော်သည် အဘိဓမ္မာစာမေးပွဲ(သုံးဆင့်လုံး)၊ ဝိသုဒ္ဓိမဂ်စာမေးပွဲ(ပဲခူးတိုင်း၊ ပထမ)၊ ပါဠိပထမပြန်စာမေးပွဲ၊ စာချတန်းစာမေးပွဲ(တတိယ) သာနဓဇဓမ္မာစရိယဘွဲ့ကို ရရှိအောင်မြင် တော်မူ၍ နိုင်ငံတော်အစိုးရမှ မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တို့ကို ချီးမြှင့်ဆက်ကပ်လှူဒါန်းခြင်းကို ခံယူတော်မူရပါသည်။

        ဆရာတော်သည် မဟာဗောဓိကျောင်းတိုက်၊ သုံးခွမြို့၌ ဂဏဝါစကတာဝန်၊ မဟာ ဝိသုတာရာမ တိပိဋကပါဠိမြန်မာ အဘိဓာန်နှင့် ပါဠိပဒ ပိဋကကျမ်းညွှန်း ကျမ်းပြုအဖွဲ့၊ အဖွဲ့ဝင်၊ သုံးခွမြို့နယ် သံဃနာယကအဖွဲ့၊ အဖွဲ့ဝင်၊ ပါဠိပထမပြန်စာမေးပွဲ သုံးခွစာဖြေဌာန ကြီးကြပ်ရေး အဖွဲ့၊ အတွင်းရေးမှူး၊ သာသနာရေးဦးစီးဌာန၊ ပညာရေးအဖွဲ့ငယ်၊ (ပထမပြန်၊ ဓမ္မာစရိယ) အတွင်းရေးမှူး၊ ဒုတိယအကြိမ်၊ သံဃသမ္မုတိရသံဃကိုယ်စားလှယ်၊ နိုင်ငံတော်သံဃဗဟို ဝန်ဆောင်အဖွဲ့၊ အဖွဲ့ဝင်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)တွင် မော်ကွန်းထိန်း ဌာန၊ ဌာနစုမှူးတာဝန်၊ ဝိနယပိဋကမဟာဌာန ကထိကတာဝန်၊ မော်ကွန်းထိန်းဌာနတွင် မော်ကွန်းထိန်းတာဝန်(ခေတ္တပါမောက္ခချုပ်တာဝန်)အဖြစ် တာဝန်များ ၁၈-၄-၈၆ နေ့မှစ၍ အဆင့်ဆင့် တိုးမြှင့်ဆောင်ရွက်တော်မူခဲ့ပါသည်။

        ဆရာတော်သည် သာသနာပြုခရီးစဉ်များအနေဖြင့် ၁၉၉၀-ခုနှစ်တွင် ဗုဒ္ဓဘာသာ ချစ်ကြည်ရေးနှင့် ပညာသင်ကြားမှုလေ့လာရေးအတွက် နီပေါ၊ အိန္ဒိယ၊ ဂျပန်၊ သီရိလင်္ကာ၊ ထိုင်း နိုင်ငံတို့တွင် တစ်လနှင့်ငါးရက်၊ ၁၉၉၇-ခုနှစ်တွင် ပညာသင်ကြားမှုလေ့လာရေးအတွက် ထိုင်းနိုင်ငံတွင်(၉)ရက်၊ ၂၀၀၅-ခုနှစ်၊ ပညာသင်ကြားမှုလေ့လာရေးအတွက် အိန္ဒိယနိုင်ငံတွင် ကြွရောက်သာသနာပြုတော်မူခဲ့ပါသည်။ ၂၀၁၁-ခုနှစ် ဧပြီလ(၂၃)ရက်နေ့တွင် ထိုင်းနိုင်ငံ အစိုးရမှ မဟာချူလာလောင်ကွန်တက္ကသိုလ်တွင် ချီးမြှင့်ဆက်ကပ်သည့် ‘ဗုဒ္ဓဂုဏူပကာရ်’ သာသနာပြုဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ဖြင့် ဆက်ကပ်ခြင်းကို ခံယူတော်မူပါသည်။

       ဆရာတော်သည် ပန်းဘဲတန်းမြို့နယ်၊ မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက်တွင် ပဓာနနာယကတာဝန်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)တွင် ပါမောက္ခချုပ် တာဝန်တို့ကို ယနေ့တိုင် ထမ်းဆောင်တော်မူလျက်ရှိပါသည်။