ဒေါက်တာဘဒ္ဒန္တဇောတိက

ဒေါက်တာဘဒ္ဒန္တဇောတိက

                ဒေါက်တာဘဒ္ဒန္တဇောတိက
ဒုတိယပါမောက္ခချုပ်ဆရာတော်
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)


        ဆရာတော် ဒေါက်တာဘဒ္ဒန္တဇောတိကကို ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ နောင်ဘိုကြီး ကျေးရွာ ခမည်းတော် ဦးထွန်းသင်+မယ်တော်ဒေါ်ငြိမ်းခင်တို့မှ ၁၃၁၃-ခုနှစ် ဝါဆိုလဆန်း (၇)ရက်၊ အင်္ဂါနေ့တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူသည်။

        ဆရာတော်လောင်းလျာသည် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ နောင်ဘိုကြီးကျေးရွာ ဝေဠုဝန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုမာရ မဟာထေရ်မြတ်ကို ဥပဇ္စျာယ်ပြု၍ မိဘနှစ်ပါး တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်ဖြင့် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ ပါသည်။

        ၁၃၃၂-ခုနှစ်၊ တပေါင်းလဆုတ်(၁၅)ရက်၊ သောကြာနေ့ နံနက် (၈)နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တညင်းကုန်းရပ်ကွက်၊ ပြည်ကျောင်းတိုက်၊ ခဏ္ဍသိမ်၌ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မုရောင်းကျေးရွာ၊ ထားဝယ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကေသရ မဟာထေရ်မြတ်ကို ဥပဇ္စျာယ်ပြု၍ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇီးတောရပ်ကွက် ဦးလင်းနေ+ဒေါ်သန်းနု မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူပြီး မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

        ဆရာတော်လောင်းလျာသည် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ နောင်ဘိုကြီးကျေးရွာ ဝေဠုဝန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုမာရ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်ကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တစန္ဒိမာ၊ မြောင်းမြမြို့ ပဇ္ဇောတာရုံတိုက်ဆရာတော် ဘဒ္ဒန္တဉာဏိက၊ ထားဝယ်မြို့ ဃောသိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဃောသိတာဘိဝံသ၊ မန္တလေးမြို့ အနောက်ပြင် တောင်ထီးလင်းတိုက်၊ ဇောတိကာရုံအုတ်ကျောင်းဆရာတော် ဘဒ္ဒန္တဝဇီရဗုဒ္ဓိတို့ ထံတော်၌ ပညာရင်နို့သောက်စို့ခဲ့ပြီး အမြင့်ဆုံးအောင်မြင်ခဲ့သော စာမေးပွဲများမှာ ပါဠိပထမပြန် နှင့် ဓမ္မာစရိယစာမေးပွဲ၌ ပထမကြီး၊ အစိုးရဓမ္မာစရိယ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် စာမေးပွဲ၌ မဟာဓမ္မာစရိယစာမေးပွဲတို့ ဖြစ်ပါသည်။ ရရှိခဲ့သော ဘွဲ့များမှာ သာသနဓဇ ဓမ္မာစရိယ၊ သာသနတက္ကသီလမဟာဓမ္မာစရိယ M.A(Buddhism) ဘွဲ့တို့ဖြစ်ပါသည်။ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်အနေအဖြင့် မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်နှင့် တက္ကသိုလ်မှ ပေးအပ်ချီးမြှင့်သော D.Litt. ဂုဏ်ထူးဆောင် ဓမ္မပါရဂူ ဘွဲ့တို့ကို ဆက်ကပ်ခြင်းခံခဲ့ရပါသည်။

        ဆရာတော်သည် ဤနိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) စာကြည့်တိုက် ဌာန၌ ဌာနစုမှူးအဖြစ် ၁၉၈၉-၁၉၉၀ အထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အဘိဓမ္မပိဋက မဟာဌာန၌ ၁၉၉၀-ခုနှစ်မှစ၍ ယနေ့တိုင်အောင် နည်းပြ၊ ကထိက၊ ပါမောက္ခအဖြစ် အဆင့်ဆင့် တာဝန်ထမ်းဆောင်ပြီး/ထမ်းဆောင်ဆဲ ဖြစ်ပါသည်။ ထို့ပြင် ၂၀၀၇ ခုနှစ်မှစ၍ ယခုတိုင် ဒုတိယ ပါမောက္ခချုပ် တာဝန်ကိုပါ တိုးမြှင့်ပူးတွဲထမ်းဆောင်လျက် ရှိပါသည်။

        ထို့ပြင် ဆရာတော်သည် ဇာတိရပ်ရွာ၌ ကလေးသူငယ်များအား ယဉ်ကျေးလိမ္မာသင်တန်း များ ဖွင့်လှစ်ပို့ချခြင်း၊ ဇောပညာပါရမီရန်ပုံငွေကို ဖွဲ့စည်းတည်ထောင်၍ မွေးရပ်မြေရှိ ပညာသင် ကျောင်းသား/သူတို့အား ပညာသင်စရိတ် ထောက်ပံ့လှူဒါန်းခြင်းစသည့် သာသနာ့အကျိုးပြု လုပ်ငန်းများကိုလည်း ပြုလုပ်ဆောင်ရွက်လျက် ရှိပါသည်။ ဆရာတော်သည် ဓမ္မအတွေးအမြင် ဆောင်းပါးများ၊ ရသေ့ကျင့်ဝတ် ရသေ့ဓလေ့အမည်ရှိ ဘွဲ့ယူကျမ်းစာတို့ကို ရေးသားပြုစုထုတ်ဝေ ခဲ့ပါသည်။