ဘဒ္ဒန္တပညာနန္ဒ

ဘဒ္ဒန္တပညာနန္ဒ

      နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)
ပိဋကတ်တိုက်ဌာန 
ပိဋကတ်တိုက်မှူးဆရာတော် 


        ဆရာတော် ဘဒ္ဒန္တပညာနန္ဒကို ကရင်ပြည်နယ် ဇာသပြင်ကျေးရွာ ခမည်းတော် ဦးနိုင်ခွေး+ မယ်တော်ဒေါ်မထယ်တို့မှ သက္ကရာဇ် ၁၃၁၃-ခုနှစ် တန်ဆောင်မုန်းလဆန်း(၄)ရက် ကြာသပတေးနေ့တွင် ဖွားမြင်တော်မူသည်။ မွေးချင်းနှစ်ယောက်တို့တွင် ဒုတိယမြောက် သားရတနာဖြစ်၍ ငယ်မည်မှာ မောင်မြမောင် ဖြစ်သည်။

       ဆရာတော်လောင်းလျာသည် ထူပါရာမကျောင်းတိုက်တွင် မိဘနှစ်ပါးနှင့်ဆွေမျိုးများ၏ ပစ္စယာနုဂ္ဂဟဖြင့် ယင်းကျောင်းဆရာတော်ကို ဥပဇ္စျာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ ရောက်ခဲ့သည်။ ဘွဲ့တော်မှာ ရှင်ပညာနန္ဒဖြစ်သည်။ ၁၃၃၃-ခုနှစ် သီတင်းကျွတ်လပြည့်ကျော်(၄) ရက် ကြာသပတေးနေ့ နေ့လယ်(၁)နာရီ (၅)ဖဝါး အချိန်တွင် မိဘနှစ်ပါးနှင့် ဆွေမျိုးများ၏ ပစ္စယာနုဂ္ဂဟဖြင့် ဓမ္မယုတ္တိကနိကာယမဟာရင်ကျောင်း ခဏ္ဍသိမ်တွင် ဆရာတော်ဘဒ္ဒန္တအာဒိစ္စ (အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)ကို ဥပဇ္စျာပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော် မူသည်။

        ဆရာတော်သည် ဘဒ္ဒန္တအာဒိစ္စ(အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)၊ ဓမ္မယုတ္တိနိကာယ မဟာရင်ကျောင်း၊ ဘဒ္ဒန္တဇနကာဘိဝံသ(မဟာဂန္ဓာရုံကျောင်းတိုက်၊ အမရပူရမြို့)၊ ဘဒ္ဒန္တ ကောဝိဒါဘိဝံသ(မစိုးရိမ်တိုက်ဟောင်းကျောင်းတိုက်၊ မန္တလေး)မှ ပါမောက္ခ ဌာနမှူးတို့ထံ၌ ပညာသင်ယူခဲ့ပြီး သာသနဓဇဓမ္မာစရိယနှင့် မဟာဓမ္မာစရိယဘွဲ့တို့ကို ရရှိတော်မူသည်။ ၂၀၀၇-ခုနှစ်တွင် ‘အဂ္ဂမဟာဂန္ထဝါစကပဏ္ဍတိ’ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်း ခံရသည်။

        ဆရာတော်သည် ၁၃၃၉-ခုနှစ်မှ ၁၃၅၄-ခုနှစ်အထိ ကတိုးမဟာရင်ကျောင်းတိုက် (မော်လမြိုင်)၊ မဟာဂန္ဓာရုံကျောင်းတိုက်(အမရပူရ)၊ ဘုရားကြီးကျောင်းတိုက်(မန္တလေး)၊ ဗြဟ္မ ဝိဟာရကျောင်းတိုက်(ရန်ကုန်)တို့၌ စာပေများ ပို့ချခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြ သာစည်မြို့နယ်၊ ပါဠိပထမပြန်စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဝင်၊ အစိုးရဓမ္မာစရိယစာစစ်အဖွဲ့ဝင်နှင့် ကင်္ခါပို့ချနည်းကျမ်း ပြင်ဆင်ရေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်တော်မူခဲ့သည်။
                            
       ရေးသားပြုစုတော်မူသော ကျမ်းစာများမှာ ‘ဇာတ်အဌကထာအဖြေစုံ’ ‘ဇာတ်နိပါတ်တော် ဆိုင်ရာ သံပေါက်များကို ဖွင့်ဆိုခြင်း’တို့ ဖြစ်ပါသည်။ ဘာသာရေးဆိုင်ရာ ဆောင်းပါးများကိုလည်း ဇာနည်မွန်၊ တက္ကသိုလ်ဇာနည် ဟူသော ကလောင်အမည်တို့ဖြင့် ရေးသားလျက်ရှိသည်။

        ဆရာတော်သည် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပိဋကတ်စာကြည့် တိုက် ဌာန၌ ၁၉၉၃ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ဌာနစုမှူးတာဝန်၊ ၁၉၉၉-ခုနှစ်မှ ၂၀၀၁-ခုနှစ်အထိ လက်ထောက်ပိဋကတ်စာကြည့်တိုက်မှူးတာဝန်၊ ၂၀၀၁-ခုနှစ်မှ ယခုအချိန်အထိ ပိဋကတ်စာကြည့်တိုက်မှူးတာဝန်ကို ထမ်းဆောင်လျက် သာသနာ့အကျိုးကို သယ်ပိုး ဆောင်ရွက်တော်မူလျက်ရှိသည်။