ဒေါက်တာဘဒ္ဒန္တပညာဝံသ

ဒေါက်တာဘဒ္ဒန္တပညာဝံသ

    ဆရာတော် ဘဒ္ဒန္တပညာဝံသကို ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံ-ရှမ်းစုကျေးရွာ၌ ခမည်းတော် ဦးရွှေဝိုင်း + မယ်တော်ဒေါ်ဝိုင်းစိန် တို့မှ ၁၃၁၃-ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၂)ရက်၊ ကြာသပတေးနေ့တွင် မီးရှုးသန့်စင် ဖွားမြင်တော်မူသည်။ 

    ဆရာတော်လောင်းလျာသည် အသက်(၁၁)နှစ်သားအရွယ်တွင် တိုက်ကြီးမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ရှမ်းစုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပုည မဟာထေရ်မြတ်ကို ဥပဇ္စျာယ်ပြု၍ ခမည်းတော်, မယ်တော်တို့နှင့် ရန်ကုန်မြို့၊ ကမာရွတ်၊ လှည်းတန်း(၆)လမ်းနေ ဒေါ်ကျင်ဥတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူ၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။ ဘွဲ့အမည်မှာ ရှင်ပညာဝံသဖြစ် ပါသည်။ 

    ရှင်ပညာဝံသသည် ၁၃၃၂-ခုနှစ်၊ နှောင်းတန်ခူးလဆုတ်(၃)ရက်၊ အင်္ဂါနေ့တွင် တိုက်ကြီးမြို့နယ်၊ ရှမ်းစုကျေးရွာ ဒေါ်စိန်အိနှင့် ရန်ကုန်မြို့၊ ကမာရွတ်၊ လှည်းတန်း(၃)လမ်းနေ ဒေါ်လှမြိုင် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ တိုက်ကြီးမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ရှမ်းစုကျောင်းတိုက်၊ ခဏ္ဍသိမ်၌ တိုက်ကြီးမြို့၊ သဒ္ဓမ္မဇောတိကာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏဝံသ မဟာထေရ်မြတ်ကို  ဥပဇ္စျာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ ပါသည်။ 

    ဘဒ္ဒန္တပညာဝံသသည် ရှမ်းစုကျေးရွာ၊ ရှမ်းစုကျောင်းတိုက်၊ တိုက်ကြီးမြို့၊ သဒ္ဓမ္မဇောတိကာရုံကျောင်းတိုက်။ ရန်ကုန်မြို့၊ အလုံပါဠိတက္ကသိုလ်အောင်မင်္ဂလာတိုက်သစ်။ မန္တလေးမြို့၊ ဒက္ခိဏာရာမဘုရားကြီးတိုက်တို့၌ ပညာသင်ယူခဲ့ပြီး အစိုးရ ငယ်၊ လတ်၊ ကြီး၊ ဓမ္မာစရိယတန်းတို့ကို အောင်မြင်တော်မူခဲ့ပြီး သာသနဟိတကာရီဓမ္မာစရိယဘွဲ့၊ သာသနဓဇဓမ္မာ စရိယဘွဲ့တို့ကို ရရှိခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၌ အထက်တန်းပညာရပ်များကို လေ့လာဆည်းပူးခဲ့ပြီး တက္ကသီလမဟာဓမ္မာစရိယစာမေးပွဲများကို အောင်မြင်ခဲ့ကာ သာသနတက္ကသီလမဟာဓမ္မာစရိယ M.A(Buddhism) ဘွဲ့၊  သာသနတက္ကသီလ ဓမ္မပါရဂူ (Ph.D.)ဘွဲ့တို့ကို  ရရှိခဲ့ပါသည်။  ၎င်းအပြင်  နိုင်ငံတော်အစိုးရမှ ဆက်ကပ်သော မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့၊  အဂ္ဂမဟာ     ဂန္ထဝါစကပဏ္ဍိတဘွဲ့၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တို့ကိုလည်း အလှူခံရရှိခဲ့ပါသည်။ 

    ဒေါက်တာဘဒ္ဒန္တပညာဝံသသည် တိုက်ကြီးမြို့၊ သဒ္ဓမ္မဇောတိကာရုံစာသင်တိုက်၌ စာချတာဝန်၊ မန္တလေးမြို့၊ ဒက္ခိဏာရာမဘုရားကြီးတိုက်၌ ဒက္ခိဏာရာမိကဂဏဝါစကအဖွဲ့ဝင်နှင့် တိပိဋကပါဠိမြန်မာ အဘိဓာန်ကျမ်းပြုအဖွဲ့ဝင်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ရေးတာဝန်နှင့် စာစစ်တာဝန်များ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၏ မော်ကွန်းထိန်းဌာန၌ (၂၈-၇-၁၉၈၇)နေ့တွင် ဌာနစုမှူးတာဝန်၊ (၂၅-၅-၁၉၉၄)ရက်နေ့တွင် လက်ထောက်မော်ကွန်းထိန်းတာဝန်၊ (၂၈-၂-၂၀၀၉)ရက်နေ့တွင် မော်ကွန်းထိန်းတာဝန်တို့ကို အဆင့်ဆင့်ထမ်းဆောင်ခဲ့ပြီး ဗုဒ္ဓမြတ်စွာသာသနာတော်မြတ် သန့်ရှင်းတည်တံ့ပြန့်ပွားရေး အတွက် သာသနာပြုကုသိုလ်ထူးကို ဆည်းပူးပြုလုပ် အားထုတ်လျက်ရှိပါသည်။ 

    ရေးသားပြုစုခဲ့သော ကျမ်းများမှာ - 

        -     မိထွေးတော်ဂေါတမီနှင့် ဘိက္ခုနီသာသနာကျမ်း၊ 

        -     မျက်မှောက်ခေတ် ထေရဝါဒဗုဒ္ဓသာသနာ(မြန်မာနိုင်ငံ)နှင့် 

        -     ဘိက္ခုနီသာသနာကျမ်းတို့ ဖြစ်ပါသည်။